Thursday, July 25, 2013

KNU President letter to Aung Min 26/07/2013

မူတူးကြမ္မာ-မူတူးဖန်တီးနေခြင်း





ပထမဆုံးပြောချင်တာက KNU ဥက္ကဌ မူတူးမှ USDP ဝန်ကြီး အောင်မင်းဆီရေးတဲ့ ၂၀-၇-၁၃ နေ့စွဲပါစာဟာ အဖွဲ့အစည်းထဲမှာ တာဝန်ရှိတဲ့ ဗဟိုလူကြီးတွေ၊ ကြီးငါးကြီးသော်လည်းကောင်း၊CEC သော်လည်းကောင်း၊ ဗဟိုကော်မတီသော်လည်းကောင်း၊မသိ ရဘဲ တဦးတည်းသဘောနဲ့ ဆုံးဖြတ်ထုတ်ပြန်တဲ့စာ ဖြစ်နေတယ်။ ဒါကြောင့် ဒီစာဟာ KNU အဖွဲ့အစည်းကိုလည်း ကိုယ်စားမပြု၊ ကရင်တမျိုးသားလုံးကိုလည်း ဘယ်လိုမှကိုယ်စား မပြုပါဘူး။ အခုခရီးစဉ်ဟာ မူတူးနဲ့တကွ သွားရောက်သူ ၅ ဦးနဲ့ဘဲ ဆိုင်ပြီး KNU အဖွဲ့အစည်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး။

ဒုတိယအချက်က စာမှာရေးထားတဲ့ 'ဝန်ကြီးနှင့်ကျနော်' 'သံဓိဋ္ဌာန်ချထားခဲ့ကြသည်နှင့်အညီ' ဆိုတာ ဘာတွေ နှစ်ယောက်ထဲ ကြိတ်ကြံထားတာလဲ။ အဖွဲ့အစည်းကို ပြန်အစီရင်မခံ သတင်းမပို့ဘဲ ချမပြဘဲ ဘယ်လိုလည်ပင်းဖက်ပြီး ဘာတွေကြိတ်ပြီး သံဓိဋ္ဌာန် ချခဲ့တာလဲ။

ဥက္ကဌတယောက်လုံးလုပ်ပြီး အဖွဲ့အစည်းမသိအောင် ရန်သူနဲ့ ဘယ်လိုအကွက်တွေ ရိုက်ခဲ့တာလဲ။
တတိယအချက်က ဥက္ကဌရုံးအဖွဲ့ဆိုတာ ဘာသဘောလဲ။ ဥက္ကဌကြီး စောဘဦးကြီး၊ မန်းဘဇံ၊ စောဘိုမြတို့တောင် ဥက္ကဌရုံး ဆိုတာ မထားခဲ့ဘဲ KNU ဗဟိုရုံး၊ KNU GOC ရုံးတို့ဘဲထားခဲ့တာ အခုတော့ ဗဟိုကိုကွက်ကျော်ရိုက်ဖို့ ဥက္ကဌရုံး တို့၊ ဥက္ကဌ၏ စစ်ရေး နိုင်ငံရေးအတိုင်ပင်ခံတို့ လုပ်နေတာလား။

စတုတ္ထအချက်က ရုံးစာအမှတ်က ငြိမ်းချမ်းရေး-၁/၁ ဆိုတာ KNU ဗဟိုရုံးမှာမရှိတဲ့ စာအမှတ်ဖြစ်နေတယ်။ အခုမှ အသစ်စက်စက် ခါတော်မီဖန်တီးလိုက်တဲ့ ရုံးစာဖြစ်နေတယ်လေ။ ဒီလိုမျိုး ရုံးလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘဲ ကိုယ်တပ်ချင်တဲ့ခေါင်းစဉ်နဲ့ ကိုယ့် ဖာသာကိုယ် စာအမှတ်တပ်လို့ရသလား။ ငြိမ်းချမ်းရေးလုပ်ခဲ့တာ တနှစ်ကျော်ပြီ၊ အခုမှ စာအမှတ် ၁/၁ နဲ့ စာထုတ်တယ်ဆိုတော့ KNU ရဲ့ ငြိမ်းချမ်းရေးမူတွေ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်လိုက်တာလား။

လှိုင်းဘွဲက ကရင်နှစ်သစ်ကူးပွဲမှာ အဖွဲ့အစည်းဥက္ကဌ တယောက်လုံး လုပ်နေပြီး အဖွဲ့ အစည်းမပါလဲ ငြိမ်းချမ်းရေးလုပ်မယ်လို့ ပြောတဲ့သဘောက အဖွဲ့အစည်းကိုသစ္စာဖောက်ပြီး ရန်သူနဲ့ပေါင်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ ဒါကိုရှင်းဖို့လိုတယ်။ ဗိုလ်ချုပ်မြတောင် EC ရဲ့ဆုံးဖြတ်ချက်၊ CC ရဲ့ဆုံးဖြတ်ချက်၊ ကွန်ဂရက်ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ကျော်မလုပ်ခဲ့ဘူး။

ဥက္ကဌမူတူးဟာ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ၁၉၆၃ ခုနှစ်တုံးက အမျိုးသားသစ္စာဖောက် ကော့ကဆာဟန်တာသာမွှေး လမ်းကြောင်းကိုဘဲရောက်မှာ သေချာနေပြီ။ ကရင်လူထုကတော့ စောဘဦးကြီးမူ ၄ ချက်အတိုင်း ကရင့်ကံကြမ္မာ-ကရင်ဖန်တီးရေးကို ဆက်လက်ရပ်တည်မှာဖြစ်တယ်။ ကရင့်ကြမ္မာကို မူတူးနဲ့ လူတစုကဖန်တီးတာ မခံဘူး။ ကရင်တမျိုးသားလုံးရဲ့ကြမ္မာကို မူတူးသဘောတခုတည်းနဲ့ ဖန်တီးလို့ မရဘူး။ ဒါကြောင့် အခုလိုအရေးကြီးလှတဲ့ ကရင့်ကြမ္မာဖန်တီးရေးအတွက် အရေးပေါ်ကွန်ဂရက် ခေါ်ဆိုသင့်တယ်။

_________________________________________
စောအယ်ကလူ (25-7-2013)
(စောဘဦးကြီး မူလေးချက် လေ့လာစောင့်ကြည့်ရေးဌာန)

0 comments:

Post a Comment