Monday, April 29, 2013

ဒီကေဘီအေ နဲ့နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

နောက်ဆုံး ရေးသားချိန် 28 ဧပြီလ 2013 - 16:07 GMT

soldier_guards_border_
နယ်ခြားစောင့်တပ်
ကရင်ပြည်နယ်၊ မြိုင်ကြီးငူရွာအနားက၊ ဒီကေဘီအေ ဗိုလ်စောဘိအဖွဲ့ နဲ့ ဘီဂျီအက်ဖ် ကရင်နယ် ခြားစောင့်တပ်တွေ အပြင်းအထန် တိုက်ပွဲ ဖြစ်နေ ပါတယ်။ ဒီကေဘီအေ ဗိုလ်စောဘီ အဖွဲ့ ရှိတဲ့ နေရာ ကို ဒီဒေသမှာ အခြေစိုက်တဲ့၊ ဘီဂျီအက်ဖ်၊ ကရင်နယ်ခြား စောင့်တပ် ဖြစ်တဲ့ ဗိုလ်မှူးစိုးနိုင်ရဲ့တပ်ရင်း ၁၀၁၂ နဲ့အတူ တပ်ကူ သွားတဲ့ ဗိုလ်မှူး စောချစ်သူ ၊ ဗိုလ် မှူးလိုက်သိမ့် နဲ့ ဗိုလ်မှူးမောင်၀င်းတို့ တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ရင်း နဲ့တိုက်ပွဲ ဖြစ်နေတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး နဲ့ကေအင်ယူ ဖက်က ပြောပါတယ်။
ဒီဒေသရဲ့သံလွင်မြစ်ထဲ မှာ ဒီကေဘီအေဗိုလ်စောဘိ အဖွဲ့နဲ့ဘီဂျီအက်ဖ် ဗိုလ်မှူးစိုးနိုင်တို့အဖွဲ့တွေ ဟာ သူ့နယ်၊ ကိုယ့်နယ် ဆိုပြီး လုရင်းနဲ့ ပြီးခဲ့တဲ့ သောကြာနေ့တုံးက နှစ်ဖက်ကြားမှာ ပစ်ခတ်ရင်း ဘီဂျီအက်ဖ်ဖက်က တယောက် သေသွားရာ ကနေ ပြဿနာ စခဲ့တာလို့ ကေအင်ယူ ဘားအံခရိုင် ဥက္ကဌ စောအောင်မော်အေး က ဘီဘီစီ ကို ပြောပါတယ်။
ပြဿနာ ဖြစ်တဲ့ ဒေသခံ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့်တပ် နဲ့ တပ်ကူတွေဟာ မနေ့က ည ၉ နာရီ လောက်က စပြီး တိုက်တာ၊ ဒီနေ့မနက် ၆ နာရီလောက်အထိ တိုက်လိုက် နားလိုက် နဲ့တညလုံး တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အသေအပျောက်တွေ ကို ဒီကေဘီအေဖက်ရော ၊ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ်တွေ ဖက်ကိုပါ ဆက်သွယ်လို့ မရလို့ ၊ အတိအကျ မသိရသေးပေမဲ့၊ ထိုင်းနယ်စပ်လုံခြုံရေး သတင်းရပ်ကွက်က နှစ်ဖက်စလုံးမှာ အယောက် ၅၀ ထက်မနည်း ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
အခု တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်စလုံးဟာ အရင်တုံးက ဒီကေဘီအေ တဖွဲ့ထဲက သူတွေဖြစ်ပါတယ်။၂၀၀၈ ခုနှစ် သြဂုတ်လ မှာ အစိုးရ က ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းပေး တုံးက ဒီကေဘီအေအဖွဲ့၀င် အတော်များများ က ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့်တပ် အသွင် ပြောင်းသွားကြ ပါ တယ်။ အခုမြိုင်ကြီးငူ ဒေသအခြေစိုက် ဗိုလ်စောဘိကိုယ်တိုင်ကလည်း ကရင် နယ်ခြားစောင့် အသွင်ပြောင်းသွားခဲ့ ပြီးနောက်ပိုင်း မှာ သူ့နောက်လိုက်တွေ နဲ့အတူ ဒီကေဘီအေ အဖြစ် ပြန်ရပ်တည် ခဲ့တာပါ။
အဲဒီ နောက်ပိုင်းမှာ၊ ဒီဒေသက ဗိုလ်မှူးစိုးနိုင် ဦးဆောင်တဲ့ ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ်၊ တပ်ရင်း၁၀၁၂ နဲ့ ဗိုလ်စောဘိ ရဲ့ ဒီကေဘီအေ အဖွဲ့တွေက ဒေသတွင်း က အကျိုးစီးပွား နဲ့ ပတ်သက် ပြီး မကြာခဏ ပစ်ခတ် တိုက်ခိုက် တာတွေ ဖြစ်ခဲ့ ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုံးက နှစ်ဖက်ကြား ပစ်ခတ် တိုက်ခိုက်ရာက ဘီဂျီအက်ဖ်ကရင်နယ်ခြားစောင့်တပ်တွေ ရဲ့ လက်နက် အတော်များများ ကို ဒီကေဘီအေ က သိမ်းယူ သွားတာ ကို နောက်ပိုင်း ဒီကေဘီအေ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးက တဆင့် သမတရုံး၀န်ကြီးဦးအောင်မင်း တို့ကို ပြန်ပေး ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုံးကတော့ ၊ ကရင်အဖွဲ့တွေကြားမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ပြီး စည်းလုံး ညီညွတ်ကြဖို့ ဘားအံးမြို့မှာ ကရင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေပါ ဆွေးနွေး ခဲ့ကြပါတယ်။

0 comments:

Post a Comment