Sunday, September 8, 2013

DKBA Capital City 0/09/2013

နယ်စပ်က ရွှေကုက္ကိုမြိုင်



တောင်တန်းများ အကြားတွင် စိမ်းမြမြ စပါးပင်များက အစိမ်းရောင်ကတ္တီပါ ကော်ဇောခင်းထား သည့်နှယ်။ မိုးစက်များကလည်း တဖြိုက်ဖြိုက် ကျဆင်းလျက်။ ကားမှန်အဖွင့် လေစိမ်းအဝေ့တွင် စိမ့်ခနဲ့ အေးစက်သွားသည်။
စိမ်းမြမြ စပါးခင်းကိုလွန်ကာ တောင်ကုန်းတစ်ခုကို တက်လိုက်သည်နှင့် ပင်စည်တိုင်တို့ ဖြောင့်တန်းစွာ တွေ့နေရသော ရော်ဘာစိုက်ခင်းကြီးမှာ အုံ့အုံ့ဆိုင်းဆိုင်း ရှိလှသည်။ လေဝေ့လျှင်ပင် တိုးမပေါက် နိုင်လောက်ပေ။


မောင်းလာသည့်ကားက အရှိန်မြင့်ကာ တစ်ရွာကျော် တစ်တောင်တက်။
အချို့နေရာများတွင် မိုးများလွန်းသဖြင့် ကတ္တရာလမ်းမကြီးမှာလည်း အနည်းငယ် ကျော်လွန်နေပြီး အချို့စပါးခင်းများကလည်း ရေလွှမ်းနေသည်။ တောင်ကုန်းများတွင် ပြောင်းဖူးခင်းများလည်း စိမ်းစိမ်း စိုစိုရှိလှသည်။
ယခင်က ဒီခရီး ဒီလမ်းလာလျှင်တော့ဖြင့် သေနတ်ဖြင့် ချောင်းပစ်ခံရခြင်း၊ မိုင်းခွဲခြင်းတို့ ကြုံတွေ့ ခဲ့ရသောလမ်း။ ယခုတော့ တည်ငြိမ်အေးချမ်းလျက်။
တောင်အထပ်ထပ် ကျော်ခဲ့ရသည့်အတွက် အိပ်သူအိပ်၊ ငိုက်သူငိုက်။ ဟော .. နောက်ဆုံးတော့ သတ်မှတ်ထားတဲ့ ဂိတ်ဆုံးမြို့လေးတော့ ရောက်ချေပြီ။
မြို့ထဲကို ဝင်လိုက်သည်နှင့် ‘အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ’ ‘တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်’ စသော စာတန်းများကို အနီရောင် ပိတ်စပေါ်တွင် ရေးသားထားပြီး ကားလမ်းမကြီးကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားသည်ကို တွေ့မြင်ရသည်။
လမ်းဘေးတွင်လည်း ‘မော်တော်ဆိုင်ကယ် အန္တရာယ်ကင်းမှု ဖြစ်စေဖို့ ဆိုင်ကယ်ဦးထုပ် ဆောင်းကြစို့’ ဟု သတိပေးထားသော ဆိုင်းဘုတ်များကို တော်တော်များများ စိုက်ထူထားသည်။
လမ်းတစ်လျှောက်တွင် စိုက်ထူထားသည့် မြန်မာနိုင်ငံအလံနှင့် ကရင်အလံတို့မှာလည်း အုံ့ဆိုင်းနေသည့် မိုးသားများအောက်တွင် တလွင့်လွင့်။
သံပန်းတံခါးများ တပ်ဆင်ထားပြီး ခြံဝင်းထိပ်တွင် ပြောက်ကျား စစ်ဝတ်စုံဖြင့် လက်နက်ကိုင်ဆောင် ထားသည့် တပ်သားများက စောင့်ဆိုင်းလျက်။ ခြံဝတွင် ရေးထားသော ဆိုင်းဘုတ်ကား.. ‘ချစ်သူမြိုင်’။
ထိုနေရာမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့၏ မိုင် ၃၀ ခန့် အကွာရှိ ရွှေကုက္ကိုမြိုင်ဟု အမည်ပေးထားသော မြို့ငယ်ကလေးရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ၏ နေအိမ်ဖြစ်သည်။
ဗိုလ်မှူးချုပ် စောချစ်သူ နေထိုင်သော နေအိမ်နှင့် ရုံးခန်းသည်လည်း သာမန်တော့မဟုတ်။ နိုင်ငံခြား ရုပ်ရှင်များတွင် မြင်တွေ့ဖူးသော လက်ဗွေစနစ်ဖြင့် လုံခြုံရေးထားသကဲ့သို့ လုပ်ဆောင်ထားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်သည် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ကာ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အဖြစ် ရည်ရွယ်ကာ ရွှေကုက္ကိုမြိုင်ကို ဗိုလ်မှူးချုပ် စောချစ်သူက တည်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံကာ ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။
လက်ရှိ တိုက်တာ အဆောက်အအုံများ မြင်နေရသော ရွှေကုက္ကိုမြိုင်သည် ၁၉၉၄ ခုနှစ် မတိုင်မီက တောကြီးမျက်မည်း ဖြစ်သည်။ ယင်းကာလက ကရင်လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း အုပ်စုကွဲ နေသည့် ကာလဖြစ်သောကြောင့် မြို့တည်စတွင် အခြားလက်နက်ကိုင် တပ်ဖွဲ့များက လာရောက် ပစ်ခတ်ခဲ့သည်များပင် ရှိခဲ့သည်ဟု ဒေသခံတို့၏ အဆိုအရ သိရသည်။
လက်ရှိ ရွှေကုက္ကိုမြိုင်တွင် ရပ်ကွက်ပေါင်း ငါးခု၊ အိမ်ခြေပေါင်း ၁၀၂၈၊ စုစုပေါင်း လူဦးရေ ၃၄၄၃ ဦးရှိပြီး စကောကရင်နှင့် ပိုးကရင်တို့ ရောနှောနေထိုင်ကြသည်။
ထိုမြို့၏ ထူးခြားချက်မှာ တစ်နိုင်ငံလုံးတွင် အရက်ဘီယာများကို ဒလဟော ရောင်းချနေကြသော် လည်း ထိုမြို့စတည်ထောင်စဉ် ၁၉၉၄ ခုနှစ်ကတည်းက အရက်ဘီယာ ရောင်းချခွင့် မပြုခဲ့သည့်အပြင် စည်းကမ်းပိုင်းတွင်လည်း အုပ်ချုပ်သူ ဗိုလ်မှူးချုပ် စောချစ်သူမှအစ မြို့တွင်နေသူများထိ လိုက်နာကြရသည်။
လက်ရှိနယ်ခြားစောင့်တပ်တွင် ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက “ရွှေကုက္ကိုမြိုင် အဝင်က လုံခြုံရေးဂိတ်မှာ ဗိုလ်မှူးချုပ် ကတော်လည်း လုံခြုံရေးအရ အစစ်ခံရတယ်။ ဘယ်အရာရှိ ဖြစ်လို့ အစစ်မခံဘူး လုပ်လို့မရဘူး” ဆိုသည်။
ယာဉ်စည်းကမ်းတွင်လည်း မော်တော်ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသူများကို အရေးယူရာတွင် အရာရှိ၊ အရာခံ မခွဲခြားဘဲ စည်းကမ်းမလိုက်နာလျှင် အားလုံးဒဏ်ရိုက်ပြီး ဗိုလ်မှူးချုပ် စောချစ်သူ၏ သမီးလည်း ဆိုင်ကယ်ဦးထုပ် မဆောင်း၍ ဒဏ်ရိုက်ခံရသည်ဟု ဒေသခံတို့၏ အဆိုအရ သိရသည်။
ယင်းကား ဥပဒေကို အာဏာဖြင့် အထက်စီးမယူဘဲ ဥပဒေကို တစ်သားတည်း လိုက်နာကြရသည်ကို ညွှန်းဆိုပြနေသည်။
သို့သော် ယင်းမြို့တွင် အရက်ဘီယာ ရောင်းချခွင့်မပြုဟု ဆိုသော်လည်း မြို့စီးပွားရေးအတွက် ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းတွင်တော့ ဈေးကြီးပေးကာ ဝယ်ယူ၍ ရနိုင်သည်။ သောက်သုံး တတ်သူ အများစုကတော့ ရွှေကုက္ကိုမြိုင် တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်သို့ကူးကာ သုံးဆောင်ကြသည်။
သောက်စားပြီး ရွှေကုက္ကိုမြိုင်တွင် မူးယစ်ရမ်းကားလျှင်မူ အရေးယူခံမည် ဖြစ်သည်။ မည်သူ့ကိုမျှ အလွတ်ပေးမည်မဟုတ်။
ဆက်သွယ်ရေးတွင်တော့ ထိုင်းဖုန်းကိုသာ အများဆုံး သုံးစွဲကြသည်။ မြန်မာဖုန်းမှာ ၁၅၀၀ ကျပ်တန် GSM ဖုန်းမှလွဲ၍ မည်သည့်ဖုန်းမှမမိ။
နောက်ထူးခြားချက်တစ်ခုမှာ သောကြာနေ့တိုင်း တစ်မြို့လုံး သက်သတ်လွတ် စားသုံးကြခြင်း ဖြစ်သည်။ မည်သည့်ဈေးသည်မှ အသားငါးမရောင်း။ ထိုင်းဘက်ကမ်းမှ ဈေးသည်များလည်း လာမရောင်းရ။ အဘယ်ကြောင့်ဆိုသော် ရာသက်ပန် သက်သတ်လွတ် ဆွမ်းဘုဉ်းသည့် မြိုင်ကြီးငူဆရာတော်၏ မွေးနေ့ဖြစ်သောကြောင့်ပင်။
travel_nzkskkm_MHS_01ပြီးတော့ ထိုမြို့သည် တိုးတက်နေသော ခေတ်စနစ်နှင့် အဆက်မပြတ်။ လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအတွက် တစ်မြို့လုံးရှိ လမ်းဆုံများတွင် လုံခြုံရေးကင်မရာ စီစီတီဗီများ တပ်ဆင်ထားသည်။
“ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ဝင်ငွေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းထက်မနည်း သုံးစွဲခဲ့တယ်” ဟု ၎င်းကဆိုသည်။
မြို့တည်စဉ်ကတည်းကပင် တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့်အတွက် လက်ရှိတိုက်တာအဖြစ် ပြောင်းလဲထားသော အိမ်တိုင်းအားလုံးနီးပါး ဗုံးကျင်း အဟောင်းများ ရှိနေသည်ကို တွေ့ရသည်။ လက်ရှိတွင်တော့ အေးဆေးတည်ငြိမ်လျက်။
ရွှေကုက္ကိုမြိုင်၏ မြို့လယ်တွင် နာရီစင်ကြီး ရှိသည်။ ယင်းပတ်လည်တွင် နိုင်ငံတော်အလံနှင့် ကရင် အလံ တစ်လှည့်စီ စိုက်ထူထားသည်။ လမ်းများတွင် ‘အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ’ အနီရောင် ပိတ်စပေါ်က စာတန်းကြီးက ထင်ထင်ရှားရှား။
အုံ့ဆိုင်းမည်းမှောင်နေသည့် တိမ်တိုက်ကြီးကလည်း မိုးဖွဲများအဖြစ် ပြောင်းလဲကျဆင်းလာသည်။ နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံသည်လည်း လေထဲတွင် တလွင့်လွင့်။

0 comments:

Post a Comment